သံ၊ သံမဏိ အရည်အသွေး စစ်ဆေးနိုင်မည့် နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခု တည်ထောင်ရန်လိုအပ်ဟု စက်မှုဝန်ကြီးပြော

ရန်ကုန်၊ ဇူလိုင် ၉
    သံ၊ သံမဏိများ၏ အရည်အသွေး စစ်ဆေးနိုင်ရန် နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခု တည်ထောင်ရန်လိုအပ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။
    ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်ရှိ MSME ထုတ်ကုန်ပြခန်း၌ ဇူလိုင် ၅ ရက်က ပြုလုပ်သော သံ၊ သံမဏိများ၏ အရည်အသွေး စစ်ဆေးရေးအတွက် ဓာတ်ခွဲခန်း တည်ထောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် စက်မှုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
    သံမဏိချောင်းများနှင့် စပ်လျဉ်း၍ ငလျင်အပြီး တုံ့ပြန်ဆောင်ရွက်မှုအနေဖြင့် ပြည်တွင်း၌ အသုံးပြုလျက်ရှိသည့် သံချောင်းလုံးနမူနာများကို အရည်အသွေး စမ်းသပ်စစ်ဆေးခြင်း၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံ၍ သံမဏိမူဝါဒလမ်းပြမြေပုံ(Road Map)ရေးဆွဲရေး ညှိနှိုင်းဆွေး နွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောသည်။
    ထို့ပြင် ပြည်တွင်း၌ထုတ်လုပ်သည့် သံ၊ သံမဏိများနှင့် ပြည်ပမှတင်သွင်းလာသည့် သံ၊ သံမဏိများ၏ အရည်အသွေး၊ စံချိန်စံညွှန်းထိန်းသိမ်း ကြပ်မတ်စစ်ဆေး ဆောင်ရွက်ရန်အတွက် သံမဏိစံချိန် စံညွှန်း သုံးခုကို မဖြစ်မနေ လိုက်နာရမည့် စံချိန်စံညွှန်း (Mandatory Standard) များအဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အသွေး ထိန်းသိမ်းရေးအ တွက် အဓိကလိုအပ်သည့် စံချိန်စံညွှန်းများ သတ်မှတ်ပြီးပါက စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးစစ်ဆေးနိုင်ရန် နိုင်ငံတကာ အသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခု တည်ထောင်ရန်လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
    အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံသံနှင့် သံမဏိလုပ်ငန်းရှင် များအသင်းမှ သံ၊ သံမဏိများအား အရည်အသွေးစစ်ဆေးနိုင်ရေးအတွက် ဓာတ်ခွဲခန်းထူထောင်ရေး ကိစ္စရပ်များနှင့် ဓာတ်ခွဲခန်းအသစ် မထူထောင်မီ ပြည်တွင်း၌ ရှိပြီးဖြစ်သည့် ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးခြင်း ဘိလပ်မြေစက်ရုံများအနေဖြင့် စက်ရုံအလိုက်ထုတ်လုပ်သည့် ဘိလပ်မြေများ၏ အရည်အသွေးကို စက်ရုံ အသီးသီး၌ စစ်ဆေးနေမှု၊ မြန်မာ့ သံ၊ သံမဏိ မူဝါဒရေးဆွဲထားမှု အခြေအနေတို့ကို ဝိုင်းဝန်းအကြံပြု သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
    ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့မှ ဥက္ကဋ္ဌများ၊ ပညာရှင်များက မြန်မာနိုင်ငံ အဆောက် အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ-(2025 (MNBC-2025) စာအုပ်များနှင့် soft copyများကို ပြည်ထောင်စုဝန်ကြီးအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။  နဒီ

Total Views ~ 1

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46548

© 2022 - 2025 News. All Rights Reserved.