အပြည်ပြည်ဆိုင်ရာ သင်္ဘောသားနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ရန်ကုန်၊ ဇူလိုင် ၂
    ကမ္ဘာတစ်ဝန်းတွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောသားနေ့ အခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ မြို့မလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့သည်။
    အဆိုပါအခမ်းအနားတွင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကပ္ပတိန်ဦးစိုးမင်းအောင်က အပြည်ပြည်ဆိုင်ရာ သင်္ဘောသားနေ့ အထိမ်းအမှတ် ကျင်းပရခြင်းအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ 
    "တစ်ကမ္ဘာလုံးမှာ ဇွန် ၂၅ ရက်မှာ ပြုလုပ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့က သင်္ဘောသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်အနေနဲ့လည်း ဆောင်ပုဒ်လေးတစ်ခု လုပ်တယ်။  'အန္တရာယ်ကင်းစင် ကျွန်တော်တို့ ရေယာဉ်'ဆိုတဲ့ အခါကြတော့ အလုပ်အကိုင်နဲ့တင်မဟုတ်ဘူး။ လူမှုရေးကိစ္စတွေလည်းပါတယ်။ ကွဲပြားတာတွေရှိတယ်။ အဲဒီပေါ်မှာမှ အချင်းများတာတွေ ရှိတယ်။ အချင်းများတာတွေကို တစ်ယောက်နဲ့တစ်ယောက် ဒုက္ခပေးနိုင်တာလေးတွေ တွေ့ရတယ်။ ဖြစ်လည်း ဖြစ်တယ်။ ဒါတွေကို ပပျောက်စေချင်တဲ့ ဒီနှစ်ရဲ့စည်းရုံးရေးကို စောစောက ဆောင်ပုဒ်လေးဦးတည်ပြီး တိုက်တွန်းနှိုးဆော်တာ တွေလုပ်ပါတယ်"ဟု ဥက္ကဋ္ဌဦးစိုးမင်းအောင်က ပြော ကြားခဲ့သည်။ 
    ဆက်လက်၍ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်သမိုင်းကြောင်းအား ရှင်းလင်းတင်ပြခဲ့ပြီး သင်္ဘောသားများနှင့် ပတ်သက်သည့်ဗဟုသုတများအား မျှေ၀ဟောပြောခြင်း၊ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် အဖွဲ့ဝင် အသင်းသားများ၏ ပညာရည်ထူးချွန်သည့် သင်္ဘောသား သားသမီးများအား ဆုချီးမြှင့်ခြင်း၊ အပြည်ပြည်ဆိုင်ရာ သင်္ဘောသားနေ့ ၂၀၂၅ အထိမ်းအမှတ်၊ စည်းရုံးရေးဆောင်ပုဒ်ဖြစ်သော 'အနှောင့်အယှက်ကင်းစင် ကျွန်တော်တို့ ရေယာဉ်(My Harassment-Free Ship)' ဗွီဒီယို ဇာတ်လမ်းတိုပြိုင်ပွဲ ဆုချီးမြှင့်ခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။   သက်မှူး

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46123

© 2022 - 2025 News. All Rights Reserved.