ရန်ကုန်၊ ဇူလိုင် ၂
ဥရောပ-အာရှ စီးပွားရေးကော်မရှင် (EEC) ဘုတ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တွန်းအားဖြစ်စေမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၆ ရက် နံနက် ပိုင်းတွင် ဥရောပ-အာရှ စီးပွားရေးကော်မရှင် (EEC) ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Mr.Bakytzhan Abdirovich Sag-intayev နှင့် Minsk International Exhibition Center BELEXPO ၌ တွေ့ဆုံဆွေးနွေးခဲ့စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဥရောပ-အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးပွဲကို စတင်ပြုလုပ်ခဲ့ရာ EEC ဘုတ်အဖွဲ့ဥက္ကဋ္ဌက နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား လှိုက်လှဲစွာကြိုဆိုခဲ့ပြီး ယခုကဲ့သို့ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) သို့ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်သည့်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဖြစ်ပေါ် စေနိုင်မည်ဖြစ်ကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) တို့အကြား ၂၀၂၃ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရနှင့် ဥရောပ-အာရှ စီးပွားရေး ကော်မရှင် (EEC)တို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MOC) အား လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် EAEU အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာကိုလည်း လေ့လာတွေ့ရှိရပြီး လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမှတစ်ဆင့် EAEU ၏ လေ့လာသူ နိုင်ငံအဆင့်အထိ တက်လှမ်းနိုင်မည်ဟုလည်း ယုံကြည်မျှော်လင့်ထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာကျယ်ပြန့်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် EEC ဘုတ်အဖွဲ့ဥက္ကဋ္ဌတို့မှ မြန်မာနိုင်ငံနှင့် EAEU အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက် သွားနိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေး၊ သယ်ယူပို့ ဆောင်ရေးကဏ္ဍမြှင့်တင်ရေး၊ သတ္တုတူးဖော်မှုဆိုင်ရာ နည်းပညာမြှင့်တင်ရေးနှင့် စွမ်းအင်ကဏ္ဍမြှင့်တင်ရေးတို့တွင် နည်းပညာပိုင်းဆိုင်ရာ၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ဆောင်သွားနိုင်မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် EAEU အဖွဲ့ဝင်နိုင်ငံများအကြား တိုက်ရိုက်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၊ ကုန်စည်ပြပွဲများ၊ ဖိုရမ်များ ကျင်းပခြင်းတို့ဖြင့် စီးပွားရေးကုန်သွယ်မှုအခွင့်အလမ်းကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) ၏ လေ့လာသူနိုင်ငံအဆင့်အထိ တက်လှမ်းနိုင်ရေး ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများစွာကို ဖော်ဆောင်ပေးနိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ နဒီ