ရန်ကုန်၊ မေ ၂၇
ကုန်းဘောင်ဆက် ဘုရင့်ဆွေတော်မျိုးတော်များအသင်း(ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် ဆွေတော်မျိုးတော်များတွေ့ဆုံပွဲ အခမ်းအနားကို မေ ၂၄ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် ကရဝိက်ဟိုတယ်၌ ကျင်းပခဲ့သည်။
အခမ်းအနားကို စတင်ဖွင့်လှစ်ပြီးနောက် ကုန်းဘောင်ဆက် ဆွေတော်မျိုးတော်များအသင်း ဥက္ကဋ္ဌ မိတ္ထီလာတော် ထွေးထွေးသိန်းက အဖွင့်အမှာစကား ပြောကြားပြီး အသင်းဒုဥက္ကဋ္ဌ မင်းတပ်နေမျိုးဦးက ဆွေတော်မျိုးတော်များအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြော ကြားသည်။
"ကျွန်တော်တို့ ဆွေတော်မျိုးတော်များအသင်း(ရန်ကုန်) က ကြီးမှူးကျင်းပတဲ့ ပွဲဖြစ်ပါတယ်။ ရန်ကုန်မှာရှိတဲ့ အိမ်တော် ၄၇ အိမ်က ဆွေတော်မျိုးတော်များ မိတ်ဆုံစားပွဲဆိုရင်လည်း မမှားပါဘူး၊ နောက်ပြီး ဝါဆိုသင်္ကန်း ကပ်လှူမယ်၊ သက်ကြီးပူဇော်ပွဲ ကျင်းပမယ်စတဲ့ အစီအစဉ်တွေကို ကြိုတင် တိုင်ပင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်"ဟု အသင်းဒုဥက္ကဋ္ဌ မင်းတပ်နေမျိုးဦးက ပြောကြားခဲ့သည်။
ထို့နောက် အိမ်တော်အသီးသီးမှ တက်ရောက်လာကြသည့် ဆွေတော်မျိုးတော်များက အသင်း၏ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပြီး ကုန်းဘောင်ဆက် ဆွေတော်မျိုးတော်များအသင်း (ရန်ကုန်)မှ ကြီးမှူး၍ နှစ်စဉ်ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် အသက် (၇၀) နှင့်အထက် အဘိုး၊ အဘွား သက်ကြီးဝါကြီး ဆွေတော်မျိုးတော်များကို မြေးတော်၊ မြစ်တော် အနွယ်တော်များက ပူဇော်ကန်တော့ပွဲကို ရန်ကုန်မြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသည်။
ဘုရင့် ဆွေတော်မျိုးတော်များ အသင်း(ရန်ကုန်)ကို ကိုလိုနီခေတ်ကတည်းက အိမ်အမှတ်(၁၅) ရှမ်းလမ်းတွင် မင်းတုန်းမင်း၏ မြေးတော် မင်းတပ်ထိပ်ခေါင်တင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး စတင်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ သက်မှူး