ကျားဖောင်ပေါ်တွင် နှိပ်စက်ခံရသူ ဦးဇော်ကြီးကို သိန်းရာချီလှူဒါန်းပေးပြီး ဥပဒေအရ ဆောင်ရွက်ရန် မရှိကြောင်း ပရဟိတသမား လှိုင်သာယာကိုကြီး ပြောကြား

ရန်ကုန်၊ ဇူလိုင် ၁၆
    လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သော ကျားဖောင် ရုပ်သံဖြစ်စဉ်တွင် ရိုက်နှက်နှိပ်စက်ခံထားရသော ဦးဇော်ကြီး၏ဖြစ်စဉ်အား တရားဥပဒေအရ ဆောင်ရွက်သွားရန်မရှိဘဲ ပရဟိတလုပ်ငန်းအရ ငွေကြေးနှင့် အခြားကူညီမှုများကိုသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးခင်ဇော် (ခ) ဦးဇော်ကြီးကို ရှာဖွေကာ သွားရောက်တွေ့ဆုံခဲ့သည့် ပရဟိတဆောင်ရွက်နေသူ လှိုင်သာယာကိုကြီးက ပြောသည်။
    လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သော ရုပ်သံဖိုင်တွင် ဦးဇော်ကြီးဆိုသူကို လူရွယ်တစ်ဦးက လူမဆန်စွာ ရိုက်နှက်နှိပ်စက်ခြင်း၊ ခွေးတစ်ကောင်ကဲ့သို့ လေးဖက်ထောက် သွားခိုင်းပြီး စားကြွင်းစားကျန်များအား စားသောက်စေသည့် ကျားဖောင်ပေါ်မှ ရုပ်သံပျံ့နှံ့ခဲ့ပြီး လူမှုကွန်ရက် သုံးစွဲသူများအကြား ဝေဖန်မှု မြင့်တက်ခဲ့သည်။ ယင်းဖြစ်ရပ်အပေါ် စိတ်ဝင်စားမှု မြင့်တက်လာပြီး ပရဟိတဆောင်ရွက်သူ လှိုင်သာယာကိုကြီးဆိုသူက  ချိတ်ဆက်ရှာဖွေခဲ့ပြီး ဇူလိုင် ၁၄ ရက် ညပိုင်းက သွားရောက် တွေ့ဆုံခဲ့သည်။
    "ဦးဇော်ကြီးကို လွတ်မြောက်ဖို့ ကြိုးစားတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က သူ ကျားဖောင်ပေါ်မှာ ရှိနေရင် ၁၅ သိန်းလား၊ သိန်း ၂၀ လား ပြန်ရွေးမယ်။ အဲဒါကြောင့် ကျွန်တော်တို့က စတင် စုံစမ်းရတာပေါ့ဗျာ။ ဒီလိုစုံစမ်းတော့ ကျွန်တော်တို့ သွားတွေ့တယ်ပေါ့ဗျာ။ သူက ကျားဖောင်ကို ယခင်နှစ် ပြာသိုလက လိုက်သွားတယ်။ ပြန်ရောက်တာကတော့ တန်ခူးလမှာ ပြန်ရောက်လာတယ်။ သူမလုပ်နိုင်တာကြောင့် ပြန်လာတာ။ ပြန်လာတဲ့အချိန်မှာ အိမ်ကို သူနှိပ်စက်ခံရတာ မပြောဘူး။ သူမလုပ်နိုင်တော့ဘူး ဒဏ်ရာတွေရလို့ပဲ ပြောတာ။ လှေပိုင်ရှင်ကလည်း သူ့ကို သနားပြီးတော့ ပြန်ခေါ်လာတယ်။ ပြီးတော့ ဆေးဝါးကုသပေးပြီးတော့ လမ်းစရိတ်ပေးပြီး ပြန်လွှတ်လိုက်တာကြောင့် အိမ်ပြန်ရောက်နေ တယ်လို့ သိရပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုက တော့ရှိတယ်။ သူက အနေအေးတဲ့ လူဗျ။ စိတ်ပိုင်းဆိုင်ရာက ရှိတယ်။ သူကြောက်နေတာဗျ။ ရုပ်ပိုင်းဆိုင်ရာကတော့ လက်အကြော လေးတွေ ပြတ်တယ်။ နားထင်တွေကွဲတယ်။ ခေါင်းတွေ ကွဲတယ်။ နားရွက်တွေဆို နှစ်ဖက်လုံး လိပ်နေပြီ။ နားတွေ မကြားရတော့ဘူး။ သွားဆိုရင် အပေါ်သွား တစ်ချောင်းပဲ ရှိတော့တယ်"ဟု သွားရောက်တွေ့ဆုံခဲ့သူ လှိုင်သာယာကိုကြီးက ပြောသည်။
    လတ်တလောတွင် ဦးဇော်ကြီးမှာ ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့တွင် ပြန်လည်ရောက်ရှိနေပြီး ကာယကံရှင်ကိုယ်တိုင် ဥပဒေအရ ရင်ဆိုင်ရန်မရှိသလို ပရဟိတ ဆောင်ရွက်သူများအနေ ဖြင့်လည်း ကူညီပေးရန်သာရှိကြောင်း လှိုင်သာယာကိုကြီးက ပြောသည်။
    "သူရဲ့ နစ်နာမှုနဲ့ပတ်သက်ပြီး တရားဥပဒေအရ နစ်နာမှုကိုတိုင်ဖို့ သူကိုယ် တိုင်လည်း ရှိပုံမရဘူး။ သူကလည်း သူ့ဟာသူ ကြောက်နေတာ၊ လူစိမ်းလာရင်တောင် ကြောက်နေတာဗျာ။ ကျွန်တော်တို့ကတော့ မကျေနပ်တာတော့ မကျေနပ်ဘူးပေါ့။ ဒီကိစ္စမျိုး လက်မခံဘူးပေါ့။ ကျွန်တော်တို့အနေ နဲ့ကတော့ ကူညီဖို့တစ်ခုပဲ ရည်ရွယ်ထားတဲ့အတွက် ကျန်တဲ့ကိစ္စတော့ ဝင်မပါပါဘူး"ဟု ဆက်လက်ပြောကြား သည်။
    ဦးဇော်ကြီးကို ရပ်ဝေးရပ်နီး အလှူရှင်များက စုပေါင်းလှူဒါန်းမှု သိန်းရာဂဏန်းခန့်ကို ပေးလှူသွားရန် ခန့်မှန်းထားကြောင်း သိရသည်။ "ကျားဖောင်နဲ့ပတ်သက်ပြီး သိရသလောက်ကတော့ ကျားဖောင်ပေါ်မှာ ညှဉ်းပန်းနှိပ်စက်တာတွေမလုပ်ဖို့ ပိုင်ရှင်တွေက ဖောင်ဦးစီး လုပ်သားတွေကို အသိပေးထားတယ်လို့ သိရပါတယ်။ ဒီလိုဖြစ်ရင်လည်း လုပ်ငန်းရှင်တွေလည်း ထိခိုက်တယ်။ လုပ်ငန်းရှင်တိုင်းလည်း မဖြစ်သလို ဖောင်ဦးစီးတိုင်းလည်း ဒါမျိုးမလုပ်ကြဘူး။ ၁၀ ယောက်ရှိရင် ရှစ်ယောက်လောက်က ဒီလို ပြဿနာ မကြုံပေမယ့် နှစ်ယောက်လောက် ကြုံရတာပေါ့။ တစ်နှစ်ကို လုပ်သားတစ်ထောင်လောက် လုပ်နေကြတာကိုး။ ဒါကြောင့် လုပ်ငန်းရှင်တွေကလည်း ကြပ်မတ်ပါတယ်။ ဒါပေမဲ့ ပင်လယ်ပြင်မှာဖြစ် တာတွေတော့ သူတို့ မသိနိုင်ဘူး။ ပြောချင်တာကတော့ ကျားဖောင်ကို လုပ်မယ်ဆိုရင် လုပ်သားတွေအနေနဲ့ ကိုယ်တကယ် လုပ်နိုင်မှ သွားလုပ်သင့်ပါတယ်။ မလုပ်သင့်ဘဲ သွားလုပ်ရင် ဒီလိုပြဿနာတွေ ဖြစ်နိုင်ပါတယ်"ဟု လှိုင်သာယာကိုကြီးက ဖြည့်စွက်ပြော  ကြားသည်။ ထူးမြတ်

Total Views ~ 22

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

47171

© 2022 - 2025 News. All Rights Reserved.