ရန်ကုန်၊ ဇူလိုင် ၁၆
KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ထိန်းချုပ်ထားခဲ့သည့် ရှမ်းပြည် နယ်(တောင်ပိုင်း)မှ ကယားပြည်နယ်အထိ ဆက်သွယ်ရေးလမ်းကြောင်းမှ အချက်အချာကြသော မြို့များကို တပ်မတော်မှ ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ယခုအခါ ဖယ်ခုံမြို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ကို အစိုးရ၊ တပ်မတော်နှင့်မြို့ခံ ပြည်သူများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် စိစစ်ဆဲနိုင်ငံခြားသား အချို့၏ လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်အောက်မှ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေရန် စစ်ရေးဆိုင်ရာ အကြံပေးမှုနှင့် ဆေးကုသရေးအဖွဲ့အချို့ ကိုယ်တိုင်ပါဝင်ပြီး မိုးဗြဲမြို့နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် ဆက်သွယ်ရေးလမ်း ကြောင်းပေါ်ရှိ အချက်အချာ လမ်းဆုံတစ်ခု ဖြစ်သည့် မိုးဗြဲမြို့တစ်မြို့လုံးအား ထိန်းချုပ်ခဲ့မှုအပေါ် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်း ရေးစစ်ဆင်ရေး (Counter - Terrorism Operation) ကို အဆင့်ဆင့်ခြေကုပ်ယူ၍ ချေမှုန်းဆောင်ရွက်ခဲ့ပြီး မိုးဗြဲ မြို့အား ၂၀၂၅ ခုနှစ် ဇူလိုင် ၆ ရက်တွင် ပြန်လည် ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
"ပင်လောင်းဘက်ကိုလာပြီး ယာယီနေရပ်ရှောင်တဲ့ဖယ်ခုံဒေသခံတွင် အကုန်လုံးနီးပါးဖယ်ခုံကို ပြန်သွားကြပါပြီ။ ကျောင်းတွေလည်း ပြန်ဖွင့်ပြီ။ ဆက်သွယ်ရေးလမ်းကြောင်းလည်း ကောင်းသွားပြီဆိုတော့ နေရပ်ပြန်ကြတာပေါ့။ ဒေသခံတွေကတော့ ပျော်တာပေါ့ဗျာ။ ကိုယ့်အိမ်ကိုယ်ပြန်ရတာမပျော် တဲ့လူ ရှိမယ်မထင်ဘူး"ဟု ပင်လောင်းဒေသခံတစ်ဦးက ပြောသည်။
တပ်မတော် စစ်ကြောင်းများအနေဖြင့် မိုးဗြဲမြို့အား သိမ်းပိုက်ရရှိပြီးသည့်နောက် မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့အကြား ကျန်ရှိနေသည့် ၄ ဒသမ ၅ ကီလိုမီတာရှိ ဆက်သွယ်ရေးလမ်းပိုင်း အပါအဝင် ၎င်းကားလမ်းအား မြေအနေအထားအရ စိုးမိုးထားသည့် ဝါရီကောခူနှင့် ဆောင်ကန်း(ကယား) ကျေးရွာ နှစ်ရွာတို့အား ဇူလိုင် ၇ ရက်မှ စတင်၍ တပ်မတော်စစ်ကြောင်းများက နှစ်ဖက်ညှပ်လျက် အကြမ်းဖက် နှိမ်နင်းရေးစစ်ဆင်မှုကို ဆက်လက်ပြုလုပ်ရာ တိုက်ပွဲကြီး လေးကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါကျန်ရှိသည့် လမ်းပိုင်း ၄ ဒသမ ၅ ကီလိုမီတာအား ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းတွင် အပြီးတိုင်ရှင်းလင်းနိုင် ခဲ့သည်။
ဇူလိုင် ၇ ရက်မှ ၁၁ ရက်အတွင်း ထိတွေ့မှုဖြစ်စဉ်တွင် လက်နက်ကိုင်အကြမ်း ဖက်သောင်းကျန်း သူသုံးဦး သေဆုံးခဲ့ပြီး ရန်သူ့ထံမှ လက်နက်ငယ်မျိုးစုံ ၁၅ လက်နှင့် ဆက်သွယ်ရေးနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိပြီး တပ်မတော်အရာရှိ၊ စစ်သည် အချို့ကျဆုံး၊ ထိခိုက် ဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့ ကြောင်း သိရသည်။ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်ဆက်သွယ်ရေးလမ်းမကြီးအား ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထူးမြတ်