ရွေးကောက်ခံမည့်သူများ ပေါ်ကြော့နေလျှင် တိုင်းပြည်နာလန်ထူမည် မဟုတ်၊ နိုင်ငံအတွက် အရည်အချင်း ရှိသူများကိုသာ ရွေးချယ်သင့်

နေပြည်တော်၊ မေ ၂၇
    လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံမည့်သူများ ပေါ်ကြော့နေလျှင် တိုင်းပြည်နာလန်ထူမည် မဟုတ်ကြောင်း ကရင်ပြည် သူ့ပါတီဥက္ကဋ္ဌ နန့်ခင်အေးဦးက ပြောသည်။ 
    "အရင်လို ပေါ့ပေါ့ဆဆလုပ်လို့ မရဘူးဆိုတာ ပါတီတိုင်းက မြင်တယ်။ ရွေးကောက်ပွဲကို ဖြစ်အောင်တော့ လုပ်မယ်။ လက်လွှတ်စပယ်ကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲတိုင်းက အရည်အချင်းရှိတဲ့သူ၊ မရှိတဲ့သူ အနည်းနဲ့အများတော့ ပါတာပဲ။ တကယ်အလုပ်လုပ်တဲ့သူတွေ ဖြစ်ဖို့တော့လိုတာပေါ့။ အရင်တုန်းက တစ်ပါတီ အားကြီးတဲ့အခါကျတော့ တစ်ပါတီတည်းမှာ လူကောင်းတွေချည်း စုနေတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးအတွက်ဆိုတော့ ရောကျော်တွေ ပါတယ်။ တကယ့်တကယ် အလုပ်လုပ်တဲ့အခါကျတော့ နယ်ကိုလည်း မဆင်းနိုင်၊ အောက်ခြေက လူတွေရဲ့ အခြေအနေကိုလည်း မသိဖြစ်တယ်။ အဓိက လွှတ်တော် ကိုယ်စားလှယ်လုပ်မယ့် သူက  Volunteer စိတ်ဓာတ်ရှိမှ မရှိရင် ဟန်ပြလူ ဖြစ်သွားတာပဲ။ အရွေးခံမယ့်သူတွေလည်း တအားကြိုးစားမှရမယ်။ တိုင်းပြည်က ကောင်းမွန်လာဖို့ ဒါကို ပြန်ပြီးဆောင်ရွက်ဖို့ဆိုတာ ဒူးလောက်တင်မှ ရင်လောက်ကြမယ်။ မကြိုးစားဘဲ ရာထူးလေးယူ၊ လစာလေးယူ၊ ပေါ်ကြော့လေးနေရင်တော့ ဘယ်လိုမှနာလန်ထူမှာ မဟုတ်ဘူး"ဟု ၎င်းကပြောသည်။ 
    နိုင်ငံရေးပါတီများအနေဖြင့် မိမိပါတီကိုယ်စားလှယ်များကို နိုင်ငံအတွက် အလုပ်အကျွေး ပြုနိုင်မည့် သူများကိုသာရွေးချယ်ရန် လိုကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်ပါတီ (PNO) အထွေထွေ အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ပြောသည်။ 
    "ပါတီတွေကလည်း ကိုယ့်ပါတီထဲက လူတွက လွှတ်တော်ထဲရောက်ဖို့ တကယ် အရည်အချင်းမီတဲ့သူတွေရှိလား၊ မရှိဘူးလား ကြည့်ရမယ်။ အခြေအနေအရ နေရာတိုင်းမှာ အရည်အချင်းမီတဲ့ သူတော့မရနိုင်ဘူး။ ပါတီတွေမှာလည်း အခက်အခဲ ရှိနိုင်တယ်။ တချို့ပါတီတွေကတော့ တကယ် တော်တဲ့သူတွေ ရှိတယ်။ ဒါပေမဲ့ လူထုကမကြိုက်တဲ့အခါကျတော့လည်း ဒါလည်း နစ်နာတယ်။ လူထုဘက်က ပါတီကိုလည်း ကြည့်ရမယ်။ လူပုဂ္ဂိုလ်ကိုလည်း ကြည့်ရမယ်။ အကောင်းဆုံးတော့ သူတို့ရွေးကြမယ်။ ဒါပေမဲ့ ရွေးချယ်လိုက်တဲ့ သူက အားလုံးတော့ မစွမ်းဆောင်နိုင်ဘူး။ အကန့်အသတ်တော့ရှိမယ်။ အရေးကြီးတာက ကိုယ့်အရပ် ကိုယ့်ဒေသအတွက် တကယ်ကို အလုပ်လုပ်တဲ့ပုဂ္ဂိုလ်ကို ရွေးချယ်ရင်တော့ ပြဿနာမရှိဘူး။ အဓိကအရေးကြီးတာက ပါတီတိုင်းက ကိုယ့်ရဲ့ကိုယ်စားလှယ်တွေကို နိုင်ငံတော်အတွက် အရည်အချင်းရှိတဲ့သူတွေကို ရွေးချယ်ဖို့လိုတယ်"ဟု ၎င်းကပြောသည်။
    ပြီခဲ့သည့် အစိုးရလက်ထက်က လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟု ဆိုခဲ့သော်လည်း လောက် လောက်လားလား ပြင်ဆင်နိုင်ခဲ့ခြင်း မရှိသည်မှာ သာဓက ဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ နန့်ခင်အေးဦးက ပြောသည်။
    "တချို့က ကိုယ့်မဲဆန္ဒနယ်တောင် ကိုယ်မဆင်းနိုင်ဘူး။  အပင်ပန်းမခံနိုင်ဘူး။  နောက်တစ်ခုက အတွေ့အကြုံမရှိကြတဲ့ အခါကျတော့ လွှတ်တော်မှာလည်း မဆွေးနွေးနိုင်ကြဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုပြီးတော့ ငါးနှစ်အတွင်းမှာ လောက်လောက်လားလားမှ မပြင်နိုင်ဘဲ။ ဒီဟာကို ပြုပြင်ပြောင်းလဲချင်ပါတယ်ဆိုပြီး ဖြစ်လာတဲ့ အစိုးရတောင်မှ မလုပ်နိုင်ဘူးလေ။ အခြေအနေက အမျိုးမျိုးတော့ ရှိတာပေါ့။ လွှတ်တော်ထဲ ရောက်တဲ့အခါမှာလည်း တင်ပြဆွေးနွေးနိုင်မှု သိပ်မရှိဘူး။  Capacity မရှိတာ။ Capacity မရှိတာကလည်း တစ်သက်လုံး တစ်ပါတီစနစ်နဲ့ အုပ်ချုပ်လာခဲ့တယ်။ အဲဒီအောက်မှာ နေလာတဲ့ လူတွေက Capacity ရှိဖို့ဆိုတာ Training များများမိဖို့လိုတယ်။ စာတွေ့ရော၊ လက် တွေ့ရော ရှိဖို့လိုတယ်။ စာတွေ့နဲ့ လက်တွေ့ ကလည်း မတူဘူး။ သူ့အရပ်နဲ့ သူဇာတ်ဆို တာလည်း ရှိသေးတယ်။ သူတို့လိုချင်တဲ့ Capacity ရှိတဲ့ လူဖြစ်ဖို့ဆိုတာကလည်း ချက်ချင်းကြီးတော့ မရနိုင်ဘူး။ အခုကျတော့ Training တော့ ရှိလာပြီ။ ၂၀၂၀ ကနေ ၂၀၂၅ ဖြစ်လာပြီဆိုတော့လေ။ အရမ်းကြီး မျှော်လင့်ထားလို့ မရတာက ပါတီတွေထဲမှာ အဲဒီလောက်တော်နေတဲ့လူတွေ၊ ထူးချွန်တဲ့ လူတွေ၊ လုပ်နိုင်တဲ့သူတွေ ရှိဖို့ လိုတယ်။ တော်နေရင်တောင် လုပ်နိုင်ဖို့ ခက်တယ်။ တစ်ယောက်တည်း တော်နေလည်း လုပ်လို့ မရတာတွေရှိတယ်။ အားတွေ လိုတယ်"ဟု ၎င်းကပြောသည်။ 
    လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမှုနှင့်ပတ်သက်၍ ဒေသနှင့် နိုင်ငံတော်၏အကျိုးကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
    "ရွေးကောက်ပွဲ ကျင်းပပြီးချိန်မှာ ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီးပြည်နယ် လွှတ်တော်များ ခေါ်ယူရာမှာ လွှတ်တော် အထမြောက်စေရေးအတွက် ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့ လိုပါတယ်။ ဆန္ဒမဲပေးမှုနဲ့ ပတ်သက်ပြီး ဒေသနဲ့ နိုင်ငံတော်အကျိုးကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ဖို့ လိုပါတယ်။ တပ်မတော်အနေနဲ့လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အမာခံအနေနဲ့ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်"ဟု  မေ ၂၃ ရက်က တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားသည်။
    ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု ဖြစ်စဉ်များကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ 
    ယခုနှစ်ကုန်ပိုင်းတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားထား သည်။ 
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းကြောင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို  ဆောင်ရွက်ပေးမည်ဖြစ်ရာ အမြန်ဆုံးပြုလုပ်နိုင်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းများကို ဆောင်ရွက်နိုင်ခဲ့သည်။ 
    လာမည့် ရွေးကောက်ပွဲကိုလည်း သန့်ရှင်းသော ရွေးကောက်ပွဲ ဖြစ်စေရေး ဆန္ဒမဲပေးရာ၌ Electronic Voting Machine ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အဆိုပါ Electronic Voting Machine ဖြင့် မဲပေးခြင်းဖြင့် မဲစာရင်းမှားယွင်းမှုများကို အနည်းဆုံး ဖြစ်စေနိုင်ကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 23

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44709

© 2022 - 2025 News. All Rights Reserved.