နေပြည်တော်၊ ဇူလိုင် ၁၆
ရွေးကောက်ပွဲ မဖြစ်ရေးနှင့်ပါတီများ ရွေးကောက်ပွဲမဝင်ရေးအတွက် ခြိမ်းခြောက်နေမှုများ ရှိသော်လည်း နိုင်ငံရေးပါတီများက ဥပဒေဘောင်အတွင်းမှ ပါဝင်ယှဉ် ပြိုင်နိုင်ရေးအတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဒီမိုကရေစီပါတီသစ် (ကချင်)(NDP-K) အတွင်းရေးမှူး ဦးခေါတိန့်က ပြောသည်။
"လက်နက်ကိုင်အဖွဲ့အစည်းတွေက ကြေညာထားတယ်။ ရွေးကောက်ပွဲမလုပ်ရေး တိုက်ခိုက်တာတွေ၊ ခြိမ်းခြောက်တာတွေက ရှိနေတယ်။ အဓိက ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက်ကိုတော့ အားလုံးက ပြင်ဆင်ထားတယ်။ ကိုယ့်ဒေသ၊ ကိုယ့်နယ်မြေ လုံခြုံရေးအရကတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ လုံခြုံရေးကဏ္ဍတွေက ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲ။ လုံခြုံရေးဆောင် ရွက်ပေးနိုင်တဲ့ နေရာမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်။ ရွေးကောက်ပွဲ ကျင်းပပေးရင် နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်၊ မဲထည့်နိုင်ရေးအ တွက်၊ ကိုယ် စားလှယ်လောင်းတွေ မဲရနိုင် ရေးအတွက်ကတော့ ဥပဒေဘောင်ထဲကနေ သူ့နည်း သူ့ဟန်နဲ့ စည်းရုံးပြီး တော့ ရွေးကောက်ပွဲ ဝင်ရောက်ကြရမှာပါ။ အဲဒီလမ်းစဉ်အတိုင်း သွားတယ်။ တခြားထွေထွေထူးထူး စဉ်းစားထားတာတော့ မရှိဘူး။ တပ်မတော်အနေနဲ့က တိုင်းနဲ့ပြည်နယ်တွေမှာ ဘယ်နေရာ လုံခြုံရေး ကောင်းတယ်။ ကချင်ပြည်နယ်ဆိုရင် လုံခြုံရေးတွေ ယူပြီး ရွေးကောက်ပွဲကို ဘယ်လိုလုပ်ပေးနိုင်မလဲ အဲဒီအပိုင်းပေါ့။ နိုင်ငံရေးပါတီတွေကတော့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါဝင်ယှဉ်ပြိုင်ကြမှာပါ"ဟု ၎င်းကပြောသည်။ နစကအစိုးရအနေဖြင့် ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်ကမ်းလှမ်းထားသော်လည်း ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် မလာချင်သည့် အဖွဲ့များက လက်နက်ကိုင်တိုက်ခိုက်နေကြသလို နိုင်ငံရေးပါတီများကိုလည်း ရွေးကောက်ပွဲမဝင်ရေး တိုက်ခိုက်နေကြောင်း ဦးခေါတိန့်က ပြောသည်။
"လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ နိုင်ငံရေးပါတီတွေအပေါ်မှာ သဘောထားကတော့ တစ်ပုံစံတည်းပါပဲ။ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဒါက ငါ့ပါတီ၊ ဒါက ငါ့လူလို့ ဘယ်ရှိမလဲ။ အဖြေက ရှင်းရှင်းလေးပဲ။ တစ်ဖက်ကလည်း တပ်မတော်ကို အမြစ်ပြတ် တိုက်ခိုက်နေကြသလို။ တစ်ဖက်ကလည်း နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲမဝင်ဖို့ တိုက်ခိုက်နေတာက တစ်ပြေးညီပါပဲ။ ရန်သူဆိုတာ ဘယ်သူက ငါ့လူဆိုပြီး ရွေးနေတာမဟုတ်ဘူး။ ထိပ်တိုက်တွေ့ရင်၊ ရန်ဘက်ဆိုရင် တိုက်ခိုက်ကြမှာပဲ။ နိုင်ငံတော်အကြီးအကဲတွေက ရှေ့မှာမြင်ပြီးသားပဲလေ။ နိုင်ငံ့ခေါင်းဆောင်တွေက စေတနာအရင်းအမှန်နဲ့ ကြိုးစား လုပ်ကိုင်နေတယ်ဆိုတာကို စဉ်းစားသုံးသပ်ပြီး နိုင်ငံရေးပါတီတွေအနေနဲ့ တရားဥပဒေ ဘောင်အတွင်း ကြိုးစားရပ်တည်နေကြတာပါ။ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်းပြောထားပြီးသားလေ။ ရွေးကောက်ပွဲလုပ်ဖို့အတွက်။ ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ အဓိက လုံခြုံရေးပေါ့။ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့ပြီးသား ဖြစ်တယ်။ အဓိက ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲခေါင်းစဉ်တွေ ပေးလာတော့ လုံခြုံရေးကဏ္ဍမှာက လက်နက် ကိုင်အဖွဲ့အစည်းက လေးအုပ်စုရှိတယ်။ ပထမတစ်အုပ်စုကတော့ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်တွေ အဖွဲ့အစည်းတွေရှိတယ်။ နောက်တစ်ခုက NCA လက်မှတ်ရေး ထိုးထားတဲ့အဖွဲ့တွေရှိသလို၊ နောက်တစ်ဖွဲ့က NCA လက်မှတ် မထိုးဘဲ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ ပဋိပက္ခကို ဖော်ဆောင်နေတဲ့ အဖွဲ့တွေရှိတယ်။ နောက်ဆုံး တစ်ဖွဲ့ကတော့ ၂၀၂၀ မဲမသမာမှုနဲ့ ပေါ်ပေါက်လာတဲ့ ပြည်ဖျက်သမားတွေပေါ့။ ဒီသုံးဖွဲ့ကိုတော့ဘာပဲ ဖြစ်ဖြစ်ငြိမ်းချမ်းရေးစားပွဲကို ရောက်အောင်ခေါ်ဖို့ ဆွေးနွေးခဲ့ကြတယ်။ နောက်ဆုံး ခေါ်လို့မရရင်တော့ လက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့ ရည်ရွယ်ချက်ကိုက တပ်မတော်ကို အပြုတ်တိုက်ခိုက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ သူတို့လည်း တိုက်ခိုက်နေတာလေ။ တပ်မတော်ကို အပြုတ်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်း တွေကို တပ်မတော်ကလည်း အပြုတ်ရှင်းရမှာပေါ့။ အပြုတ်ပြန်လည်တိုက်ခိုက်မှပဲ နောက်ဆုံး စားပွဲဝိုင်းမှာ ရောက်လာမှာပါ"ဟု ၎င်းကပြောသည်။
အစိုးရကို ဆန့်ကျင်သူများက ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲပြုလုပ်မည့် ကိစ္စအပေါ် ခြိမ်းခြောက်မှုအမျိုးမျိုး ပြုလုပ်လျက်ရှိသော်လည်း နစကအစိုးရအနေဖြင့် ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်။ ကွန်းဈာန်