လက်နက်နဲ့တိုက်နေလို့လည်း ခေတ်စနစ်ကြီးက ပြောင်းမသွားဘူး၊ နစကအစိုးရလည်း ကျရှုံးမသွားဘူး

နေပြည်တော်၊ ဇူလိုင် ၁၆
    လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်နက်မဲ့၊ အပြစ်မဲ့ပြည်သူများအပေါ် တိုက်ခိုက်နေခြင်းက မည်သည့်ရလဒ်ကောင်းမျှ ရစရာ အကြောင်းမရှိကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌဦးလှဌေးက ပြောသည်။ 
    "လက်နက်မရှိတဲ့သူတွေအပေါ်မှာ လက်နက်ရှိတဲ့သူတွေက တိုက်ခိုက်တယ်ဆိုတာကတော့ အနိုင်ကျင့်တာလို့ပဲ ပြောရမှာပေါ့ဗျာ။ ကိုယ့်ကို ဘာမှမလုပ်နိုင်ဘူး။ ကိုယ့်ကိုဘာမှ မတုံ့ပြန်နိုင်တဲ့ ကိစ္စကြီးဗျ။ ဒါကို ဒီလိုကြီး သွားလုပ်တယ်ဆိုတာ မလုပ်သင့်တဲ့ကိစ္စပဲ။ နောက်တစ်ခုက ရည်ရွယ်ချက်ပေါ့ဗျာ။ ရည်ရွယ်ချက်နည်းလမ်းတွေ လွဲနေတာ။ အခုလိုလုပ်ရပ်တွေ လုပ်လိုက်တဲ့အတွက်ကြောင့် ဘာအကျိုးရှိမှာလဲ။ ဘာရလဒ်တွေရမှာလဲ။ ဘာမှ ရလဒ်ကောင်းရစရာ အကြောင်းမရှိဘူး။ ဒါမျိုးက တကယ်ကို မလုပ်သင့်တဲ့ လုပ်ရပ်ပေါ့ဗျာ။ နေအိမ်အ ဆောက်အအုံတွေကို ပစ်တယ်။ တချို့ဆို လူပုဂ္ဂိုလ်တွေကို ရှင်းလင်းပစ်တာတွေ ရှိတယ်။ အဲဒီလိုလုပ်လို့လည်း ခေတ်စနစ်ကြီးက ပြောင်းမသွားပါဘူး။ ဒါမျိုးတွေ လုပ်နေလို့လည်း နစကအစိုးရက ကျရှုံးမသွားပါဘူး။ အခုပဲ ငါးနှစ်ဆိုတဲ့ သက်တမ်းကို ရောက်သွားပြီ။ ဒါကြောင့် ဒီနည်းဗျူဟာတွေက လွဲနေပါတယ်။ မှန်ကန်တဲ့ နည်းဗျူဟာ တွေကိုပဲ လုပ်စေ ချင်တယ်"ဟု ၎င်းကပြောသည်။ 
    ဇူလိုင် ၇ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ နေအိမ်နှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) နာယကဖြစ်သူ ဒေါက်တာတူးဂျာတို့၏ နေအိမ်ကို အသံမိုင်းနှင့် လာရောက်ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြထားသည်။ 
    အဆိုပါကိစ္စနှင့်ဆက်စပ်၍ ရွေးကောက်ပွဲ လုံခြုံရေးကိစ္စအပေါ် ကရင်ပြည် သူ့ပါတီဥက္ကဋ္ဌ နမ့်ခင်အေးဦးက "ဒါက နမူနာအနေနဲ့ သူတို့ပြတယ်။ အဲဒါကို ဘယ်လိုကာကွယ်မလဲဆိုတာ လူထုထဲမှာလည်း Pro တွေ ရှိပါတယ်။ လူထုကလည်း စိတ်ညစ်နေ ကြပြီဆိုတော့ သူတို့လည်း တစ်ခုခုတော့ အဖြေပေါ်ချင်တဲ့သူတွေရှိတယ်။ အဲဒီလိုလူတွေက ပါတီတွေနဲ့ ပူးပေါင်းပြီးတော့ ကာကွယ်ပေးနိုင်ရင်တော့ အဆင်ပြေမယ်။ အခက်အခဲတွေကတော့ များတယ်။ ဒီလိုပဲ ကျော်ဖြတ်သွားရမှာပဲ။ ပြည်သူလူထုရယ်၊ တပ်မတော်ရယ်၊ ပါတီတွေရယ် ပူးပေါင်းဆောင်ရွက်ရင် အောင်မြင်မှာပါ"ဟု ပြောသည်။ 
    ရွေးကောက်ပွဲပြုလုပ်လျှင် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးနှင့် မဲပေးကြမည့် ပြည်သူလူထု၏ မဲရုံလုံခြုံရေးကို စနစ်တကျစီ မံဆောင်ရွက်ရန်လိုအပ်ပြီး မည်သို့ပင်အနှောင့်အယှက်များရှိစေကာမူ ရွေးကောက်ပွဲက အောင်မြင်စွာ ပြီးမြောက်သွားမည်ဖြစ်ကြောင်း ဦးလှဌေးက ပြောသည်။ 
    "ရွေးကောက်ပွဲလုပ်မယ်ဆိုရင် နံပါတ်(၁) အရေးကြီးတာက ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးဗျ။ ကိုယ်စားလှယ် လောင်းတွေက စည်းရုံးရေးလုပ်ငန်းတွေ လုပ်ကိုင်ရမယ့် အခြေအနေ ရှိတယ်။ လူထုကြားမှာ သွားရလာရမယ်။ လှုပ်ရှားဆောင်ရွက်နေရမယ့် လူတွေ ဖြစ်တဲ့အတွက်ကြောင့် သူတို့က သိသာထင်ရှားတဲ့ ပစ်မှတ်တွေဖြစ် နေတာပေါ့။ သူတို့ရဲ့လုံခြုံရေးကို သက်ဆိုင်ရာက ဘယ်လို အကာအကွယ်ပေးမလဲဆိုတာကတော့ ကိုယ်စားလှယ်လောင်းတွေ ရယ်၊ နိုင်ငံရေးပါတီတွေရယ်၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေရယ် ပူးပေါင်းပြီးတော့ စနစ်တကျ စီမံချက်ချပြီး ကာကွယ်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ခါ ပြည် သူလူထုရဲ့ လုံခြုံရေး၊ ပြည်သူလူထုရဲ့ လုံခြုံရေးဆိုတာ အဓိက မဲရုံ လုံခြုံရေးပါပဲ။ ပြည်သူလူထုက မဲသွားပေးမယ်။ မဲရုံမှာတစ်ခုခုဆိုရင် လူထု ထိခိုက်နစ်နာနိုင်တယ်။ အဲဒီတော့ မဲရုံလုံခြုံ ရေးကိုလည်း စနစ်တကျစီမံ ဆောင်ရွက်ဖို့ လိုအပ်တယ်။ အဓိကတော့ မြို့ကြီးတွေ၊ နယ်တွေ၊ ကျေးရွာ တွေရှိတယ်။ နယ်တွေ၊ ကျေးရွာတွေရဲ့ လုံခြုံရေးက ပိုပြီးတော့ အရေးကြီးပါတယ်။ တချို့ရွာတွေဆိုရင် မြို့ကြီးတွေနဲ့ အလှမ်းဝေးကွာတယ်။ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အလှမ်းဝေးကွာတဲ့ ဒေသတွေကျ တော့ အလွယ်တကူ ထိခိုက်နစ်နာသွားတာတွေ ရှိနိုင်တယ်။ နိုင်ငံတော်အနေနဲ့ကတော့ ရွေးကောက်ပွဲကို အောင်မြင်အောင်လုပ်တယ်။ အောင်လည်း အောင်မြင်မှာပါပဲ။ ဘယ်လိုပဲလုပ်လုပ် ရွေးကောက်ပွဲက အောင်မြင်စွာ ပြီးမြောက်သွားမှာပဲ။ သို့သော် ကိုယ့်ဘက်က ပေးဆပ်လိုက်ရမယ့် စရိတ်ခံမှုတွေ အနည်း ဆုံးဖြစ်အောင်။ မဖြစ်ရင် အကောင်းဆုံး ဖြစ်အောင်တော့ နိုင်ငံတော်က စနစ်တကျ စီမံပြီးတော့ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့တော့ ကြိုးစားရမယ်"ဟု ၎င်းကပြောသည်။ 
    ရွေးကောက်ပွဲကျင်းပပြီးလျှင် ဥပဒေနှင့်အညီ လွှတ်တော်အသီးသီးပေါ်ပေါက်လာမည်ဖြစ်ပြီး နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရှေးရှုသွားနိုင်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် အားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားထားသည်။ ကွန်းဈာန်

Total Views ~ 34

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

47171

© 2022 - 2025 News. All Rights Reserved.