လမ်းပန်းဆက်သွယ်ရေးနှင့် ဖုန်းလိုင်းအဆင်မပြေမှုတို့ကြောင့် နာဂအမျိုးသားပါတီ လုပ်ငန်းများ အခက်အခဲကြုံနေ

ရန်ကုန်၊ ဇူလိုင် ၁၆
    လမ်းပန်းဆက်သွယ်ရေးနှင့် ဖုန်းလိုင်း အဆင်မပြေမှုတို့ကြောင့် နာဂအမျိုးသားပါတီလုပ်ငန်းဆောင်တာများ ချိတ်ဆက်လုပ်ဆောင်ရ အခက် အခဲကြုံနေကြောင်း ယင်းပါတီမှ သိရသည်။
    "ပါတီမှာက ဗဟိုနဲ့ မြို့နယ်တွေ ဆိုပြီးရှိတော့ မြို့နယ်တွေရဲ့ လုပ်ဆောင်ချက်ကတော့ သူတို့ မြို့နယ်အတွင်းမှာ အဆင်ပြေတဲ့နေရာတွေ သွားတယ်။ မြို့နယ်အလိုက် EC တွေ လှုပ်ရှားနေ‌တာ‌တွေ ရှိတယ်။ ဗဟိုကနေ သွားတဲ့အရာ‌တွေလည်း ရှိတယ်။ တစ်ခါတလေကျရင် အစည်းအဝေးခေါ်တယ်။ တချို့ပါတီမြို့နယ် EC တွေက မလာနိုင်ဘူး။ ဖုန်းလိုင်းနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲလေးတွေလည်း ရှိတယ်။ ဒါပေမဲ့ သူ့ဟာနဲ့သူတော့ လည်ပတ်နေတာပေါ့။
    တစ်ခါတလေကျရင် အစည်းအဝေးက တစ်ပတ်ကြို၊ နှစ်ပတ်စာပို့လိုက်တယ်။ ဒါပေမဲ့ အဲဒီပို့လိုက်တဲ့စာက မရောက်တာ၊ စာရောက်သွားချိန်ကျတော့လည်း အစည်းအဝေးက နောက်ကျ တာမျိုးတွေ ကြုံရတယ်။ဖုန်းလိုင်းက ရတဲ့နေရာက ရတယ်၊ မရတဲ့ နေရာက မရဘူး။ နန်းယွန်းဆိုရင် ဖုန်းလိုင်းမရဘူး။ တနိုင်းလည်းမရဘူး။ လေရှီးဆိုရင် လိုင်းမိတဲ့နေရာက မိပြီးတော့ မမိတဲ့နေရာ မမိဘူး။ အဲဒီလို ဖြစ်နေတာ။ မြို့နယ်ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေ၊ သက်ဆိုင်ရာမြို့ နယ် EC တွေ၊ မြို့နယ်တာ ဝန်ခံတွေကို ဆက်သွယ်မယ်ဆိုရင် ဖုန်းလိုင်းမရတဲ့ နေရာတွေမှာ ရောက်နေတာမျိုးကြုံရတယ်။ တချို့ ရွာတွေဘက်ကို သွားကြတယ်။ သူတို့ကို လနဲ့ချီ ပြီး ဖုန်းဆက်သွယ်လို့ မရတာမျိုးကြုံရတယ်}} ဟု နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှုမောင်က ပြောသည်။
    တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်တစ်ခုခုအား အခြေပြုစည်းရုံးမည့် နိုင်ငံရေးပါတီများအနေ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ အနည်းဆုံး ပါတီဝင်အင်အား တစ်ထောင်ရှိရန်လိုအပ်ပြီး မြို့နယ်ပေါင်း ငါးမြို့နယ်တွင်သာ ပါတီရုံးခန်း ဖွင့်လှစ်ရန် လိုအပ်မည်ဖြစ်သည်။ နာဂအမျိုးသားပါတီသည် လေရှီး၊ လဟယ်၊ နန်းယွန်း၊ ခန္တီး၊ ဟုမ္မလင်း စသည့်မြို့နယ်များတွင် ပါတီရုံးများ ဖွင့်လှစ်ထားပြီး  သတ်မှတ်ထားသည့် ပါတီဝင် အင်အားကိုလည်း စုဆောင်းထားပြီး ဖြစ်ကြောင်း သိရသည်။
    "ဒေသကတော့ တည်ငြိမ်တယ်လို့ ပြောရမှာပါ။ ပါတီအနေနဲ့ကတော့ အခက်အခဲများ ရှိပါတယ်။ အခက်အခဲဆိုတာက အခုအချိန်မှာ မိုးတွင်းကာလဆိုတော့ ဒေသန္တရအခက်အခဲပေါ့။ မိုးတွင်းဖြစ်တော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ‌တွေ မြေပြိုတာတွေ၊ ဆက်သွယ်ရေး လိုင်းမမိတာ‌တွေ အများကြီး ရှိတယ်။ ဒါကတော့ ဒေသန္တရနဲ့ ဆိုင်တာပေါ့။ နိုင်ငံရေးနဲ့ဆိုင်တဲ့ အခက်အခဲ ကတော့ သိပ်များများ မရှိပါဘူး။ ဒေသခံလူထုတွေအနေနဲ့က ရွေးကောက်ပွဲလုပ်တော့ မယ်ဆိုတော့ ပြည်သူတွေ အနေနဲ့ကျတော့ ဘယ်လိုလဲ၊ ဟုတ်ရော ဟုတ်ရဲ့လား၊ ဖြစ်ပါ့မလား၊ ရွေးကောက်ပွဲဖြစ်လာရင် ဘယ်လိုဖြစ်လာ မလဲဆိုတဲ့ နိုင်ငံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေအပါအဝင် အခြားသော ရေရှည်နဲ့ ဆိုင်တာတွေလည်း စိုးရိမ်ကြတာပေါ့။ ကြီးကြီးမားမား အခက်အခဲရယ်လို့တော့ လောလောဆယ် အနေအထားမှာ မတွေ့ရသေးပါဘူး"ဟု ဦးရှုမောင်က ဆက်ပြောသည်။
    နာဂ အမျိုးသားပါတီ (NNP) ကို ၂၀၂၃ ခုနှစ် မေ ၃၀ ရက်မှ စတင်၍ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ်(၂၅/၂၀၂၃)ဖြင့်  ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ညီသစ်

Total Views ~ 22

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

47172

© 2022 - 2025 News. All Rights Reserved.