ရန်ကုန်၊ မေ ၂၇
လွှတ်တော်အဆောက်အအုံများအား စနစ်တကျဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ပြုပြင် တည်ဆောက်သွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံများတွင် မန္တလေးငလျင်ကြီး ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့မှုများကို ပြန်လည်ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား မေ ၂၅ ရက်က သွားရောက် ကြည့်ရှုစစ်ဆေးစဉ် အထက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့သည်။
ဦးစွာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အမှတ်(၁) ဂိတ်အဝင် ကြိုးတံတားနှင့် မုခ်ဦး၊ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် အဆောက်အအုံ၊ ဇဗ္ဗူသီရိခန်း မဆောင်နှင့် အမျိုးသားလွှတ်တော် အဆောက်အအုံတို့ ထိခိုက်ပျက်စီးခဲ့ရမှု အခြေအနေများအား လိုက်လံကြည့် ရှုစစ်ဆေးခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း တင်ပြခဲ့ကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အအုံများအား ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ ရေရှည်ခိုင်ခံ့တည် တံ့စေရေးနှင့် ခိုင်ခိုင်မာမာ ဖြစ်စေရေးအတွက် နည်းပညာကျွမ်းကျင်သူများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် အရည် အသွေးပြည့်မီသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများအား အသုံးပြုသွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ နဒီ