အခက်အခဲတချို့ ရှိနေသော်လည်း 7 EAO Alliance ၏ ဦးဆောင်အဖွဲ့အစည်းအဝေးကို အစဉ်အလာမပျက် ပုံမှန်ကျင်းပနေဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၆
    နိုင်ငံရေးဆွေးနွေးမှုဘောင် ကျဉ်းမြောင်းနေသော်လည်း အခက်အခဲတချို့ ကြားမှပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းခုနစ်ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance) ၏ ဦးဆောင်အဖွဲ့အစည်း အဝေးကို အစဉ်အလာမပျက်ပုံမှန် ကျင်းပနေကြောင်း  7 EAO Alliance မှ သိရသည်။
    "အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပါတယ်။ အဲဒီအစည်းအဝေးမှာက လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့အခြေအနေ၊ နိုင်ငံရေးအခင်းအကျင်းအပေါ်မှာ အမြင်ဖလှယ်ကြတယ်။ အပြန်အလှန် သုံးသပ်ကြတယ်။ ဒီအချိန်မှာကတော့ 7 EAO Alliance အဖွဲ့တွေအနေနဲ့က နိုင်ငံရေး အခက်အခဲတချို့ ရှိနေတော့ အားရစရာ ကောင်းလောက်အောင်တော့ စွမ်းဆောင်နိုင်တာ များများစားစား မရှိပါဘူး။ အခုလိုမျိုး ဆွေးနွေးပွဲတွေ ပိတ်ကျပ်နေတဲ့အ‌ချိန်အခါမှာတော့ 7 EAO Alliance ခုနစ်ဖွဲ့ကြား မှာတော့ အစဉ်အလာမပြတ် နှစ်တစ်ဝက်၊ နှစ်တစ်ဝက်ပုံမှန်တွေ့ဆုံမှုတွေ၊ ညှိနှိုင်းဆွေးနွေးမှု‌တွေ လုပ်နေပါတယ်"ဟု 7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
    တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့အစည်းခုနစ်ဖွဲ့၏ မဟာမိတ်အဖွဲ့(7 EAO Alliance) ကို ၂၀၂၄ ခုနှစ် မတ် ၁၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းခုနစ်ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေး (7 EAO Alliance Summit) တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ 7 EAO Alliance တွင် သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) ၊ ကရင် အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့ ပါဝင်ဖွဲ့စည်းထားပြီး 7 EAO Alliance ၏ ဦးဆောင်အဖွဲ့ကို RCSS မှ ဗိုလ်ချုပ်ကြီးယွက်စစ်မှ အဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း၊ မွန်ပြည်သစ်ပါတီမှ နိုင်အောင်မင်းမှ ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း တာဝန်ယူထားသည်။
    7 EAO Alliance ၏ ရည်မှန်းချက်များတွင် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ်လာစေရန်၊ နိုင်ငံရေးဆွေးနွေးပွဲများကို သက်ဆိုင်သူများအားလုံးနှင့် စဉ်ဆက်မပြတ် ကျင်းပသွားရန်၊ လက်ရှိပဋိပက္ခကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစွာ အဖြေရှာလိုသော အင်အားစုများ၏ သဘောထားများ ဖော်ထုတ်နိုင်ရေးအတွက် အခင်းအကျင်းနှင့် နည်းလမ်းများ ဖော်ဆောင်သွားရန်နှင့် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန်တာဝန်ရှိခြင်းကို သိရှိစေရေး တိုးမြှင့်ဆောင်ရွက်သွားရန် အချက်များ ပါဝင်သည်။ ညီသစ်

Total Views ~ 30

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

47172

© 2022 - 2025 News. All Rights Reserved.